ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ဧပြီလ ၁၀ ရက်နေ့မှစတင်၍ တည်ငြိမ်ပြီး ကျဆင်းသွားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ (မေလ ၈ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသည် ပြည်တွင်းစားသုံးမှုအတွက် လောင်စာဆီ အဓိကတင်သွင်းသည့် နိုင်ငံဖြစ်ပြီး လောင်စာဆီဝယ်ယူမှုသည် အရှေ့တောင်အာရှဒေသရှိ Mean of Platts Singapore (MOPS) ဈေးနှုန်းများအပေါ် အခြေခံထားသည်။
လက်ရှိတွင် ဒေသတွင်း ပဋိပက္ခများနှင့် အခြေအနေများကြောင့် MOPS ဈေးနှုန်းများ အတက်အကျရှိသော်လည်း အစိုးရ၏ ဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းသူများ၊ ဖြန့်ဖြူးရောင်းချသူများအသင်း (MPTA) ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများမှာ ဧပြီလ ၁၀ ရက်နေ့မှ စတင်ကာ တည်ငြိမ်ကာ ကျဆင်းခဲ့သည်။
ထို့အပြင် ဒီဇယ်စွမ်းအင်သုံး မော်တော်ယာဉ်များဖြင့် ပို့ဆောင်သည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများကို ထိန်းညှိရန်အတွက် ပုံမှန်ဒီဇယ်ဆီ HSD (500 PPM) တင်သွင်းခြင်းကို အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) တို့ကို ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ကင်းလွတ်ခွင့်ပေးခဲ့သည်။
ယင်းအခွန်ကင်းလွတ်ခွင့်များကြောင့် ပုံမှန်ဒီဇယ်ဈေးသည် ပရီမီယံဒီဇယ်ထက် တစ်လီတာလျှင် ကျပ် ၁၀၂၀ ခန့် သက်သာသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ နိုင်ငံတော်သည် စဉ်ဆက်မပြတ် လောင်စာဆီနှင့် အရန်အလုံအလောက်ရရှိရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန် စဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းညှိပေးလျက်ရှိကြောင်း သိရသည်။ – Eleven Media/ANN
